Home သတင်း လုပ်ငန်းဆိုင်ရာ သတင်း နိုင်ငံပိုင်အိမ်ခြံမြေများကို လေလံပစ်ရန် အစီအစဉ်ရှိသေး
နိုင်ငံပိုင်အိမ်ခြံမြေများကို လေလံပစ်ရန် အစီအစဉ်ရှိသေး

ကျော်ဆုမွန်
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

နိုင်ငံပိုင်အိမ်ခြံမြေနှင့် ပိုင်ဆိုင်မှုများကို ဆက်လက် လေလံပစ်မည့် အစီအစဉ်များရှိသေးကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာအောင်မျိုးကပြောသည်။

အစိုးရသစ် မပြောင်းလဲမီ ဖေဖော်ဝါရီ လအတွင်းက နိုင်ငံပိုင် လုပ်ငန်းများနှင့် အိမ်ခြံမြေများကို ပုဂ္ဂလိကသို့ နောက်ဆုံး ရောင်းချ ခဲ့ရာတွင် ရန်ကုန်မြို့ရှိ နေရာ ကောင်းများမှ မြေကွက်များ၊ အဆောက် အအုံများလည်း ပါဝင်ခဲ့သည်။

ဧပြီလဆန်းမှ စတင်ခါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖြစ် အစိုးရသစ် ပေါ်ပေါက်လာပြီး သုံးလတွင်းရောက်သည့် တိုင်အောင် ပုဂ္ဂလိက ပိုင် ပြုလုပ်ရေးကော်မရှင်က ထပ်မံ ရောင်းချခြင်း မရှိသေးချေ။

သို့ရာတွင် နိုင်ငံပိုင်အိမ်ခြံမြေများ ရောင်းချပေးရာတွင် မြင်သာထင်သာ သည့် ဈေးပြိုင်တင်ဒါစနစ် ပြောင်းလဲ ကျင့်သုံးမည်ဟု ဒေါက်တာအောင်မျိုးက ပြည်တွင်းထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သဖြင့် ထပ်မံပြီး နိုင်ငံပိုင် အိမ်ခြံမြေများကို လေလံတင် ရှိမရှိကို မြန်မာတိုင်း(မ်)က မေးမြန်းရာတွင် ၎င်းက အစီအစဉ် ရှိသေးကြောင်း ပြောကြားသည်။

"လေလံထပ်ပစ်မယ့် အစီအစဉ်တွေ ရှိပါသေးတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင်၎င်းက ရန်ကုန်တိုင်းမ်နှင့် တွေ့ဆုံစဉ် နောင်တွင်ပြုလုပ်သွားမည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်အရ လေလံပွဲများကို ယခင်ကအသုံးပြုခဲ့သည့် ချိပ်ပိတ်တင်ဒါစနစ်ကို အသုံးပြုတော့မည်မဟုတ်ဘဲ ဈေးပြိုင်တင်ဒါစနစ်ကို ကျင့်သုံးသွားမည်ဟု ပြောခဲ့သည်။

ဖေဖော်ဝါရီလအတွင်းက ယခင် အစိုးရလက်ထက် နောက်ဆုံးရောင်းချခဲ့သည့် လေလံပါ မြေကွက်များ၊ အဆောက် အအုံများသည် တန်ဖိုးကြီးအိမ်ခြံမြေများ ဖြစ်ပြီး ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လမ်းမတော်မြို့နယ်၊ အင်းစိန်မြို့ နယ်၊ ရန်ကင်းမြို့နယ်၊ လှိုင်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ကျောက်တံတား မြို့နယ်တို့မှ အများဆုံးဖြစ်သည်။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက လေလံမှာပါတဲ့ တန်ဖိုးကြီး အိမ်ခြံမြေတွေထဲက လေလံနိုင်တဲ့သူတချို့ ပြန်အပ်တယ်လို့တော့ကြား တယ်။ နိုင်ငံပိုင် အိမ်ခြံမြေတွေကို လေလံထပ်တင်မယ့် အစီအစဉ်ရှိနိုင်ပါတယ်။ တချို့ ပြန်အပ်တယ်ဆိုတာက လေလံနိုင်ပြီးမှ ကာလပေါက်ဈေးထက် များနေတာတို့၊ ငွေမနိုင်တို့တာတွေကြောင့် ဖြစ်နိုင်တယ်" ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က လေလံ တင်ရောင်းချခဲ့သော မြေနှင့် အဆောက်အအုံတိုက်ခန်းနှင့် မြေကွက် စုစုပေါင်း ၁၅၇ ခုကို ဝယ်ယူခွင့်ရရှိသူများအနက် တန်ဖိုးအမြင့်ဆုံးမှာ မြေနှင့် အဆောက် အအုံပူးတွဲပါသည့် စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ပဒုမ္မာဇာတ်ရုံဖြစ်ပြီး ကျပ် ၅၆,၇၇၇ သန်းအထိ ပေါက်ဈေးရှိခဲ့ကြောင်း လေလံအောင်စာရင်းများတွင် ပါရှိခဲ့သည်။

"တချို့လေလံအောင်တဲ့ အိမ်ခြံမြေတွေကျတော့ ငွေပေးဖို့မနိုင်တော့တာနဲ့ စရန်အဆုံးခံပြီး ပြန်အပ်တယ်။ ရန်ကုန်က စီးပွားရေးမြို့ တော်ဆိုတော့ နေရာကောင်းတွေကို လေလံထပ်ပစ်မယ် ဆိုရင်ဝင်ကြဦးမှာပဲ။ ဈေးကွက်ထဲမှာ နေရာကောင်းတော်တော် များများမှာ မြေကျယ်ကျယ်မရှိတော့ဘူး။ အစိုးရ လေလံတွေမှာတော့ ပါတယ်" ဟု ၎င်းက ပြောသည်။

ချိပ်ပိတ်တင်ဒါဖြင့် လေလံဝင်ရသောကြောင့် လေလံဝင်သူအချင်းချင်း တင်သည့်ဈေးနှုန်းများ မတူညီနိုင်ဘဲ၊ အချို့ ဈေးနှုန်းများမှာ လေလံအနိုင်ရရန် ကာလပေါက်ဈေးထက် များစွာမြင့်မားနေ ခြင်းလည်း ရှိတတ်ကြောင်း သိရသည်။

ယခုကျင့်သုံးမည့် ပွင့်လင်းသည့် ဈေးပြိုင်တင်ဒါစနစ် ကျင့်သုံးမည်ဆိုပါက အများပြည်သူရှေ့တွင် လေလံဈေး အများဆုံးပေးနိုင် သူကသာ တရားမျှတစွာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ပြီး ဈေးကွက် ပေါက်ဈေးနှင့်လည်း နှိုင်းယှဉ်နိုင်မည် ဖြစ်သည်။

"ဈေးပြိုင်စနစ်ရဲ့ အားသာချက်က ဝင်တဲ့သူအချင်းချင်း ညှိမယ်ဆိုရင် ပြင်ပပေါက်ဈေးထက် နည်းသွားနိုင်သလို ညှိလို့မရဘဲ အပြိုင် အဆိုင်တွေ ဖြစ်လာမယ်ဆိုရင်တော့ ဈေးကွက်ထဲကထက် ပိုမြင့်ကောင်းမြင့်လာမယ်။ ဒါပေမယ့် အခုချိန်ထိတော့ လေလံတွေကြောင့် ပြင်ပ ဈေးကွက်ထဲကို ရိုက်ခတ်တာမျိုး မရှိသေးဘူး"ဟုဦးသန်းဦးကပြောသည်။

 

Reference: http://www.myanmar.mmtimes.com/2011/property/520/buss10.html

 

လုပ်ငန်းဆိုင်ရာ သတင်း

နိုင်ငံပိုင်အိမ်ခြံမြေများကို လေလံပစ်ရန် အစီအစဉ်ရှိသေး
ကျော်ဆုမွန်
အတွဲ ၂၆ ၊ အမှတ် ၅၂၀ ( ၃-၉ ၊ ၆ ၊ ၂၀၁၁)

နိုင်ငံပိုင်အိမ်ခြံမြေနှင့် ပိုင်ဆိုင်မှုများကို ဆက်လက် လေလံပစ်မည့် အစီအစဉ်များရှိသေးကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာအောင်မျိုးကပြောသည်။

Read More >